တစ်ခါက လူတစ်ဦးသည် ဘုရားသခင်အား ဤသို့ မေးလေ၏။ “လူတွေဆီက ဘုရားသခင် တွေ့မြင်ရတဲ့ ထူးဆန်း အံ့သြမှုကို ပြောပြနိုင်မလား”
ဘုရားသခင်...“ လူတွေဆီက တွေ့မြင်ရတဲ့ ထူးဆန်းမှုက ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ ကလေးဘ၀ကို ငြီးငွေ့ပြီး မြန်မြန် ကြီးပြင်းချင်ကြတယ်။ ကြီးပြင်းလာကြတော့ အပြစ်ကင်းတဲ့ ကလေးဘ၀ကို တဖန် ပြန်ရောက်ချင်ကြတယ်။ ကိုယ်ရဲ့ ကျန်းမာရေးကို စတေးပြီး ငွေကြေးနဲ့ သူတို့ လှဲလှယ်ကြတယ်။ တဖန် ငွေကြေးကို စတေးပြီး ကျန်းမာရေးကို ပြန်လှဲလှယ်ကြတယ်။ မမြင်ရတဲ့ အနာဂတ်အတွက် သူတို့ဟာ အမြဲပူပန်နေတတ်ပြီး လက်ရှိ ပစ္စုပန်ကို မေ့နေတတ်တယ်။ အဲဒီတော့ သူတို့ဟာ ပစ္စ္စုပန်မှာ မရှင်သန်သလို အနာဂတ် အတွက်လည်း မရှင်သန်တော့ဘူး။ ရပ်နေတဲ့ အချိန်မှာ သူတို့ဟာ ဘယ်တော့မှ လဲမကျတော့ဘူးလို့ ထင်ပြီး လဲကျသွားတဲ့ အချိန်မှာတော့ သူတို့ဟာ ပြန်မထ တတ်တော့ဘူး။”
“ဘုရားသခင်ရဲ့ အတွေ့အကြုံနဲ့ လူတွေကို ဘာများပြောပြစရာ ရှိပါသလဲ” ထိုလူက ဆက်မေးလိုက်သည်။
“လူအများကို စိတ်နှလုံးချမ်းမြေ့အောင်၊ နှစ်သက်ပျော်ရွှင်အောင် ကိုယ်လုပ်မပေး နိုင်ဘူးဆိုတာ သူတို့ သိထားသင့်တယ်။ သူတို့ လုပ်ပေးနိုင်တာက ကိုယ့်ကို လူတွေနှစ်သက်လာဖို့ပဲ။ လူ့ဘ၀ရဲ့ အဖိုးတန်ဆုံး ဆိုတာ ဘာပစ္စည်းကို ပိုင်ဆိုင်လို့၊ ဘယ်သူ့ကို ပိုင်ဆိုင် လို့မဟုတ်ဘူး။ လူလူချင်း သင့်မြတ်နေဖို့ပဲ ဆိုတာ သူတို့သိထားသင့်တယ်။ ချမ်းသာတဲ့လူဆိုတာ ပိုင်ဆိုင်မှုများလို့ မဟုတ်ဘူး။ လိုအပ်မှု နည်းတာကိုပြောတယ် ဆိုတာ သူတို့သိထားသင့်တယ်။ အချိန် တစ်စက္ကန့်အတွင်းမှာ တစ်ပါးသူကို ထိခိုက်နာကျင်အောင် လုပ်နိုင်တယ်။ ဒါပေမယ့် အဲဒီ နာကျင်မှုကို ကုစားဖို့အတွက် အချိန်အများကြီး လိုအပ်တယ်ဆိုတာ သူတို့သိထားသင့်တယ်။ အရာရာကို ငွေကြေးနဲ့ဝယ်ယူလို့ ရနိုင်ပေမယ့် ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကိုတော့ ၀ယ်လို့ မရဘူးဆိုတာ သူတို့သိထားသင့်တယ်။ တစ်ပါးသူရဲ့ ခွင့်လွှတ်ခြင်းကို ခံယူရုံနဲ့ မလုံလောက်ဘူး ကိုယ်ကလဲ ခွင့်လွှတ်တတ်ရမယ် ဆိုတာ သူတို့သိထား သင့်တယ်။
နှင်းဆီပန်းတိုင်းမှာ ဆူးရှိသလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူတော့ သည်းခံလို့ မရနိုင်တဲ့ အခါလည်း ရှိမယ်။ နှင်းဆီပန်းကို မြတ်နိုးရင် ဆူးစူး မခံရအောင်ဆိုပြီး ဆူးတွေကို ကြိုးစားပြီး မထွင်လိုက်ပါနဲ့ ဆူးစူးမခံရအောင် ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကိုပဲ သင်ယူပါ။

99SN
No comments:
Post a Comment