Jan 7, 2012

မိတ်ဆွေတု နဲ့ မိတ်ဆွေစစ်


မိတ်ဆွေတွေ ဆိုတဲ့ အထဲ မှာ မိတ်ဆွေကောင်းမဟုတ်ပဲ မိတ်ဆွေယောင်ထင်နေရတဲ့ ပုဂ္ဂိုလ် မျိုးက လေး မျိုးရှိတယ်။ ဒါ ကို မြတ်စွာဘုရား က သိင်္ဂါလသူတို့သားကိုဆုံးမသြ၀ါဒပေးတဲ့ အနေနဲ့ ဟောထားတာရှိတယ်။ "မိတ္တပတိရူပက" တဲ့။ လောကမှာရွှေအစစ်ကိုတုထားတဲ့ရွှေတုရှိသလို မိတ်ဆွေအစစ်ကို တုနေတဲ့ မိတ်ဆွေအတုရှိသေးတယ်။ ဒါသတိထားရမယ်၊ သတိထားဆိုတာကိုယ်တိုင်ကလည်း မိတ်ဆွေတု မဖြစ်စေနဲ့။ ကိုယ်ပေါင်းတဲ့ ပုဂ္ဂိုလ်ကလည်းပဲ မိတ်ဆွေအတုမဖြစ်စေရဘူး။


အတုဆိုတာ အစစ်မဟုတ်ဘူးတဲ့နော်။ မိတ်ဆွေ အတုက ပါဠိလို

(၁)" အညဒတ္ထုဟရ" တဲ့။ အညဒတ္ထုဟရ ဆိုတာ ကိုယ့်ဖက်က တစ်ဖက်သတ်ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံကနေပြီးတော့ ဘာဖြစ်ဖြစ် သူကရအောင် ယူတတ်တယ်နော်။ ဟိုဟာလေးတောင်းမယ်၊ ဒါလေးတောင်းမယ်၊ ဒါလေးယူမယ်၊ ဟိုဟာလေးယူမယ်၊ အမြဲတမ်းရအောင်
ယူတတ်တယ်။ အဲဒါကို "အညဒတ္ထုဟရ" တဲ့။ သူကချည်း ပဲ ယူသွားတာ အဲဒီလို မိတ်ဆွေမျိုးကလည်း
လောကမှာ ရှိသေးတယ်။ နဲနဲပါးပါးလေးပေးပြီးတော့ များများယူသွားတာ ဟင်းလေးတစ်ခွက် လာပေးပြီးတော့
များများယူသွားတာ။ ဟင်းလေးတစ်ခွက်ပေးပြီးတော့ ဆန်တစ်ပြည်လောက်ယူသွားတာ။ ကိုယ့်ဆီက များများယူသြွးတာ၊
သူက ပေးတော့နဲနဲလေးပေါးတယ်။ အဲဒီလိုပေးမှလည်း များများရမှာကိုး။ အဲဒီတော့ အညဒတ္ထုဟရ
လောကမှာ ရှိတယ်။

လူတွေဟာ နဲနဲပေးပြီးတော့များများ ရအောင်ယူသွားတယ်။ သူကိုယ်တိုင်ဒုက္ခရောက်နေပြီ ဆိုလို့ ရှိရင် အကူအညီ ရဖို့အတွက်တစ်ဖက်သားကို သိပ်ကျိုးနွံတယ်။ တစ်ဖက်သားကို သနားလာအောင် ပေါင်းသင်းတတ်တယ်။



 (၂) "၀စီပရမ" တဲ့။ လက်မပါဘူး။ အပြောသက်သက်ပဲ။ အပြောလေးက ချိုတယ်၊ ၀စီပရမ ဆိုတာ အပြောနဲ့ လောကွတ်လုပ်တတ်တဲ့ မိတ်ဆွေမျိုးတဲ့။
ဒါ.. လောကကြီးမှာ အများကြီးရှိပါတယ်။ သူက လောကွတ်လုပ်တာ ဘာနဲ့လုပ်တုန်းဆိုရင် အတိတ်နဲ့ လောကွတ်လုပ်တယ်။ အနာဂတ်နဲ့လောကွတ်လုပ်တယ်။ ဆိုပါစို့…အိမ်တစ်အိမ်သွားတယ်။
ဟာ..သူငယ်ချင်း ကွာ မင်းနောက်ကျလိုက်တာ၊ မနေ့လာရင် ငါ့အိမ်မှာ
ကြက်သားဟင်းချက်ထားတာ။အခုတော့ ချဉ်ရည်ဟင်းပဲ ရှိတော့တယ် ချက်မချက်တော့ မသိဘူး။ မနေ့က တော့အိမ်မှာ ကြက်သားဟင်း။အဲဒါကို ဟိုလူက မစားရဘူး။ မစားရခမန်းပဲ။ ဟော.. မနေ့က ဟာနဲ့ဧည့်ခံလွှတ်လိုက်တာပဲ။
အနာဂတ်နဲ့ဧည့်ခံတယ် ဆို တာလဲ ရှိသေးတယ်။ အေးနောက်နှစ်ခါကျတော့မင်းလာခဲ့ကွာ၊ ဒီ အချိန်လာခဲ့ မင်းလိုချင်တာတွေ အကုန်ရစေမယ် နောက်နှစ်သွားရင်တော့
ရချင်မှရလိမ့်မယ်။ ဒါပေမဲ့ နောက်နှစ်ခါနဲ့ ပြောလိုက်တယ်။ သူက အဲဒါ
အနာဂတ်နဲ့ဧည့်ခံတာလို့ခေါ်တယ်။
အဲဒီလို အနာဂတ်နဲ့ဧည့်ခံတဲ့ပုဂ္ဂိုလ်ကလည်း မိတ်ဆွေတုပါတဲ့။ အဲဒီ ပုဂ္ဂိုလ်မျိုးလည်း သတိထားရမယ်
နော်။




(၃) "အနုပိယ ဘာဏီ" ဆိုတာ ဘယ်တော့ မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ၊ သူ့အကြိုက်အတိုင်းလိုက်ပြောတာ၊ ကောင်းတာလည်း လိုက်ပြောတာပဲ၊မကောင်းလည်း လိုက်ပြောတာပဲ။ အဲဒီ မိတ်ဆွေကလည်း မိတ်ဆွေတုပဲ။ မကောင်းဘူး။ ဘယ်လို အကြိုက်လိုက်ပြောလဲ
ဆိုတော့ မကောင်းတာပြောလည်း အေး.. ကောင်းတယ်..ကောင်းတယ်… ကောင်းတာပြောလည်း အေး.. ကောင်းတယ် ကောင်းတယ်… နဲ့။ မကောင်းမှု တွေလုပ်လည်းဟာကောင်းတာပေါ့။ ကောင်းတာတွေလုပ်လည်း ဟာကောင်းတာပေါ့။ ဒါတွေ ကိုလူတွေက ကျေကျေနပ်နပ်
ပေါင်းသင်းကြတာပဲ။ ဘာလို့ဆို ကိုယ့်သဘောနဲ့ အံကျဖြစ်တာကိုး။ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ ရှေ့ကျတော့
ချီးမွမ်းတယ်၊ လူတွေရှေ့ကျတော့ ချီးမွမ်းတယ်၊ ဟုတ်တာပေါ့၊ မင်းသိပ်တော်တာပေါ့ ဘာညာနဲ့..
ဒီလူလည်း ထွက်သွားရော မေးငေါ့ကျန်ခဲ့တယ် .. ဒီအကောင်က ဒီအတိုင်းပဲ ဒီ အကောင် ဘယ်ဟုတ်မလဲ.
ရှေ့တင်ကျတော့ကောင်းတယ်။ ကွယ်ရာကျတော့ အတင်းပြောတယ်။ အဲဒီလူမျိုးကိုလည်း မြတ်စွာဘုရားက သတိထားရမယ်တဲ့



 

(၄)" အပါယသဟာယ" ပျက်စီးဖို့အတွက် အပေါင်းသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ပစ္စည်းဥစ္စာတွေ ပျက်စီးဖို့အတွက် ပေါင်းသင်းလုပ်တယ်။ ဘီယာဆိုင်သွားမယ်ဆို ရင် ခေါ်လိုက်မယ်၊ အရက်ဆိုင်ဆို လိုက်မယ်၊ တရားပွဲဆိုရင် မလိုက်ဖူးအချိန်မတော် လမ်းလည်ခေါင်ထွက် လည်ပတ်ဖို့ဆိုရင် လိုက်မယ် ဘယ်နေရာသွား ချဲထိုးရအောင်၊နှစ်လုံးထီ ထိုးရအောင် ဖဲရိုက်ရအောင် ဆို ရင် လိုက်ပြီးသား ပဲ။ ဒီပုဂ္ဂိုလ်တွေကို ပေါင်းခြင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်တဲ့။မြတ်စွာဘုရားက မပေါင်းသင်းရမယ့် မိတ်ဆွေကို
မိတ်ဆွေလို့ တောင် မှ မခေါ်ပဲ နဲ့ အမိတ္တရန်သူလို့တောင် သတ်မှတ်တယ်။ ပထမတော့ တစ်တွဲတွဲ
နေတာ၊ ဟုတ်သယောင်ရှိတယ်၊ သို့သော် ကိုယ့်ဘ၀ပျက်စီးဖို့ပဲ မဟုတ်လား အဲဒါမျိုးကို အပါယသဟာယ
လို့ခေါ်တယ်။


လောကမှာ ကြီးပွားတိုးတက်ဖို့ အင်္ဂါနှစ်ရပ် ဖော်ပြထားတယ်။

(၁) မိတ်ဆွေကောင်းရှိရမယ်။ ဒါက အပြင် ဖက် က ကြောင်းတရား

(၂) ယောနိသောမနာသိကာရ -မှန်မှန်ကန်ကန် နှလုံးသွင်းတတ်ရမယ -ဒါ က အတွင်း က ကြောင်းတရား။

ဒါကြောင့်မိတ်ကောင်းဆွေကောင်း ဟာ ဘယ် လောက် အရေးပါလဲ ဆို တာ သိသာပါတယ်။ ဘုရားပွင့်လို့ တရားဟောလို့ သစ္စာတရားကို နာ ရတာ ဆိုတော့ ဒီသိရတဲ့ အသိအားလုံးဟာ
ဘုရားပေါ်မှာ ရာနှုန်းပြည့် လို့ ဆို လိုပါတယ်။ အရှင်သာရိပုတ္တရာဟာ
နဂိုကတည်းက ဥာဏ်ထက်ပြီးသား၊
ယောနိသောမနာသိကာရ ရှိပြီးသား ပါ။ မသေရာတရားကို လိုက်ရှိာနေပေမယ့် မိတ်ကေင်းဆွေကောင်း
ရှာမတွေ့တဲ့ အတွက် "အမတ" ဆိုတဲက တရားကို ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။ အရှင်အóဇိနဲ့ တွေ့တဲ့အခါကျမှ အမတ တရားတော်ကို တွေ့တယ်။
ဒါဟာ အရှင် အသဇိရဲ့ရာနှုန်းပြည့် အကျိုးပြုမှုပါပဲ။

ဒါကြောင့် ကိုယ်ပေါင်းသင့်တဲ့ မိတ်ဆွေ တွေ က "သုဟဒမိတ္တ" တကယ့်ကို စိတ်ရင်းနှလုံးရင်းကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်မှ ကိုယ့်အတွက် အကျိုးကျေးဇူးရှိနိုင်မယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့
ပုဂ္ဂိုလ်က ဘာလဲ ဆို တော့

(၁)" ဥပကာရ" ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိစ္စရှိရင် ငွေကြေးဓန လိုတာက စပြီးတော့ ကူညီထောက်ပံ့ပေးတယ်။ ကိုယ့်သူငယ်ချင်း အရက်သေစာ သောက်ပြီးမူးမေ့နေရင် တောင်မှပဲ အရက်မူးပြောသည်ထိ
အောင် သူ့အန္တရာယ် မဖြစ်အောင် စောင့်ရှောက်ပေးသတဲ့။ မကောင်းတာလုပ်တာတောင် စောင့်ရှောက်ပေးတာ၊
မိတ်ကောင်းဆွေကောင်း က အဲဒီလို သူပစ္စည်းတွေ အထိမ်းအသိမ်းမရှိဘူးဆိုရင် မြင်တာနဲ့ သိမ်းပေးတယ်။
ကူညီပေးတယ်။



(၂) "သမာနသုခ" - တူညီသော သုခ၊ဒုက္ခ ချမ်းသာ၊ဆင်းရဲ အတူတူပဲ အဲဒီလို တူညီသော စိတ်ထားရှိတဲ့ မိတ်ဆွေ ချမ်းသာလည်း အတူတူ၊ ဆင်းရဲလည်း အတူတူ အခွဲမခွာတစ်ဦးကို တစ်ဦး အကျိုးပြုပြီးတော့ နေကြတဲ့ မိတ်ဆွေ မျိုးတွေကိုသမာနဒုက္ခသုခ လို့ ခေါ်တယ်။ အဲ ဒီ ပုဂ္ဂိုလ်မျိုး တွေကကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို လည်း ထိန်းပေးထားတယ်။ ဒုက္ခကြုံလာရင် လည်းစွန့်မသွားဘူး။.
အသက်စွန့်ပြီးကာ ကွယ်ပေးတယ်၊ (ရှင်အာနန္ဒာလိုမျိုးပေါ့) တခါက ဒေ၀ဒတ်ရဲ့ အစီအမံအရ အဇာတသတ်မင်းကြီးက
နာဠာဂီရိဆိုတဲ့ ဆင်ဆိုးကြီးကို အရက်တွေတိုက်ပြီးတော့ ဘုရားဆွမ်းခံဝင်လာတဲ့ လမ်းကြားမှာ
မောင်းလွှတ်လိုက်တာ.. ဆင်ကြီးကလည်း နှာမောင်းကြီးမြှောက်ပြီး အော်ဟစ်ပြီး ပြေးလာတယ်။
ဘုရားကိုထိမှာစိုးလို့ သူကိုယ်တိုင် ရှေ့ကနေပြီးတော့ ပြေးတက်လိုက်တယ်။ အရှင်အာနန္ဒာက
သူ့ပဲဆင်ဆိုးကြီး ထိုးပါစေတော့ သူ့အသက်ကို စွန့်ပြီးဘုရားရှေ့ဝင်ရပ်တယ်။




(၃)"အတ္ထက္ခာယီ" - အကျိုးစီးပွား တိုးရာတိုးကြောင်း ဟောပြောညွှန်ပြ ပေးတတ်တဲ့ ပုဂ္ဂိုလ်မျိုးကို ခေါ်တယ်။ မကောင်းတာလုပ်နေရင် မလုပ်နဲ့လို့ တားတယ်။
မရရအောင် တားတယ်။ ကောင်းတာ လုပ်ဖို့အတွက်လည်း သူက တိုက်တွန်းအားပေးတယ်။ ကသပဘုရားရှင်လက်ထက်တုန်းက
ဃဋိကာရ (ဇတ်နိမ့်သူ) က သူငယ်ချင်း ဇတ်မြင့်ဖြစ်တဲ့ ဇောတိပါလ ကို ဘုရားတရားနာရအောင်
ခေါ်တယ်။ မလိုက်ဘူးလို့ အတန်တန်ငြင်းနေတော့ နောက်ဆုံး ဆံပင်ဆွဲပြီးတော့ လိုက်မလား မလိုက်ဘူးလား
လို့ ခေါ်တယ်။ ဇတ်နိမ့်က ဇတ်မြင့် ရဲ့ဆံပင်ကိုင် ဖို့နေနေ ထိတောင်မထိရဲတာ။ သူက တကယ့်ကို
အကျိုးရှိမယ့် ဟာမို့ မရရအောင်ခေါ်တာ။





(၄) "အနုကမ္ပ" - အစဉ်အနားစောင့်ရှောက် တတ်တဲ့ မိတ်ဆွေတဲ့။ သနားစောင့်ရှောက် တတ်တယ် ဆို တာ က ကိုယ့် မိတ်ဆွေ အပေါင်းအသင်းတစ်ယောက် ပျက်စိးနေပြီဆိုရင်
စိတ်ထဲမှာ ၀မ်းမသာဘူး။ က္ကုသာ၊ မစ္ဆရိယ မရှိဘူး၊ မုဒိတာ ရှိတယ်။
ကိုယ့်မိတ်ဆွေ တစ်ယောက်ကကိုယ့်မိတ်ဆွေ ရဲ့ ဂုဏ်ကျေးဇူးစကားကိုြော့တယ် ဆိုရင် ဖြည့်စွက်ပြီးတော့ သူက ပြောပေးတယ်။
ဒိလို တချို့ကျတော့ ချီးမွမ်းစကားပြောလို့ရှိရင် မကြိုက်နိုင်ဘူး၊ မကြိုက်နိုင်တဲ့အခါကျတော့
မင်းသိတာကဒါလေးကိုကွ။. မင်းမသိတာတွေ ရှိသေးတယ်လို့ ဘာလိုလို ညာလိုလိုနဲ့ထည့်လိုက်သေးတယ်။အဲဒီတော့မိတ်ဆွေစစ်ဆိုတာမျိုးက
တကယ့်ကို ကိုယ့်ရဲ့ မိတ်ဆွေ အပေါ်မှာ သနားစောင့်ရှောက်တယ်။



လောကမှာ ပေါင်းသင်းဆက်ဆံရေး သံသရာ ကြီးပွားရေးပဲဖြစ်စေ၊ လောကကြီးပွားးရေးပဲဖြစ်စေ၊ တရားဓမ္မနဲ့ ပတ်သက်ပြီး ကြီးပွားရေးပဲ ဖြစ်စေ၊ မိတ်ဆွေကောင်းနဲ့ ကင်ြး့ပီးတော့ မကြီးပွားမတိုးတက်နိုင်ဘူး
။ ဒါကြောင့် မိတ်ကောင်းဆွေကောင်းဆိုတာ အင်မတန်မှ လိုအပ်တယ်။ အင်အားကြီးလှတဲ့
External condition. အပြင်က အကြောင်းတရားဖြစ်တယ်ဆိုတာ လက်ခံပြီး မိတ်ကောင်းဆွေကောင်း
မိမိတို့ ကိုယ်တိုင်ကလည်း အများရဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊
မိမိတို့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ် တွေလည်းပဲ တကယ့်မိတ်ဆွေကောင်းတွေ ဖြစ်ဖို့ဆိုတာ အရုံထားပြီးတော့
ကျင့်ကြံကျိုးကုတ် အားထုတ်နိုင်ကြပါစေ။




                                      ဒေါက်တာနန္ဒမာလာဘိဝံသ ဧ။် မိတ်ကောင်းဆွေကောင်း စာအုပ်မှ။

No comments:

Post a Comment