(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----
(i) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့
(iv) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ကိုက်ညီပါစေ
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ
(vii) အမှန်တရားကို အခြေခံထားပါ
(၂) လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့ လူတွေကိုကြည့်တဲ့အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက ဘယ်ညာနှစ်ဖက်မှာခွဲထားတယ်။ ဒါပေမဲ့ တစ်ဖက်ကိုပဲ အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ ပါးစပ်တစ်ပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။
(၃)ငွေကြေးကိုဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကိုဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကိုဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။
(၄) ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ
(၅)မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစားလိမ်းခြယ်မှု
စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစားလိမ်းခြယ်မှု
ဘဝကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု
(၆)သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။ အမြဲအကြည့်မှားတယ်။
ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်တယ်။ အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။
ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကိုကြည့်တယ်။ အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။
(၇)သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို မနင်းချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။

No comments:
Post a Comment