တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု
ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက်
မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ
ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး
ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း
ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။
တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော
သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး
အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး
စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။
ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက
ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင်
ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။
ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ
မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး
နောက်ပိုင်း သူလှည့်ပင် မကြည့်ခဲ့မိပေ။
ရက်အတန်ငယ် ကြာသောအခါ စိုက်ထားသော အပင်အား သူ သွားရောက် ကြည့်ခဲ့ပြန်သည်။
ထူးဆန်းစွာ အပင်မှာ မညိုးနွမ်း မသေဆုံးသည့်အပင် ရွက်နုများပင်
ထွက်လို့လာသည်။ တစ်ခြားအပင်များထက်ပင် ပိုရှင်သန်နေသည်ကို အံ့သြစွာ
သူတွေ့လိုက်မိသည်။
ဖခင်မှာ ဂတိအတိုင်း သူကြိုက်သော ဆုကိုပေးခဲ့ပြီး သူအား “သားစိုက်ထားတဲ့
အပင်ကို ကြည့်ခြင်းအားဖြင့် သားဟာ ကြီးလာရင် ရုက္ခဗေဒပညာရှင်
တစ်ဦးဖြစ်လိမ့်မယ်”ဟု အားပေးစကား ပြောခဲ့သည်။
ထိုနေ့မှစ၍ သူသည် တဖြေးဖြေး ပျော်ရွှင်လာခဲ့သည်။ တစ်ယောက်တည်း
ထီးထီးမနေတော့ဘဲ အခြားလူများနှင့် ၀င်ဆန့်ရဲလာခဲ့သည်။ တစ်ညတွင် သူသည်
အိပ်မပျော်သောကြောင့် ပြုတင်းပေါက်ကိုဖွင့်ပြီး လှပသော လရောင်ကို
ခံစားရင်း ဇီဝဗေဒဆရာပြောခဲ့သော “ အပင်တွေဟာ အများအားဖြင့် ညမှာ ရှင်သန်
ကြီးထွားကြတယ်” ဟုသော စကားတစ်ခွန်းကို သတိရလာမိသည်။ သို့နှင့်သူသည်
မိမိစိုက်ခဲ့သော အပင်အား သွားရောက် ကြည့်ရှုလိုခဲ့သည်။
အိမ်နောက်ရှိ သစ်ပင်နားရောက်ခါနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်မိသည်။
ထိုသူမှာ ဖခင်ဖြစ်ပြီး မိမိစိုက်ခဲ့သော အပင်အား တူးဆွပြီး အပင်ခြေရင်းကို
မြေသြဇာများဖြင့် ဖို့ပေးနေသည်ကို သူတွေ့လိုက်မိသည်။
ဖခင်၏လုပ်ရပ်ကို ကြည့်ပြီး အရာအားလုံးကို သူ သဘောပေါက်သွားမိသည်။
သူစိုက်ပျိုးပြီး ညိုးနွမ်းသေဆုံး စေချင်သောအပင် ရှင်သန်နေခြင်း၏
အကြောင်းရင်းကို သူသိသွားမိသည်။ အိပ်ခန်းသို့ သူ တိတ်တဆိတ်
လှည့်ပြန်လာပြီး တစ်ညလုံး သူ ငိုကြွေးခဲ့မိသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ ထိုခြေမသန်မစွမ်းသော ကလေးမှာ
ရုက္ခဗေဒပညာရှင် တစ်ဦး ဖြစ်မလာခဲ့ပါ။ သို့သော် သူသည် အမေရိကန်၏
သုံးဆယ့်နှစ်ဦးမြှောက် သမတ္တကြီးဖြစ်လာခဲ့သည်။ သူ့အား တွန်းလှည်းပေါ်တွင်
ထိုင်နေသော ပဲ့ကိုင်သူ အဖြင့်လည်း တင်စားကြသည်။ သူ၏ အမည်မှာ Franklin D.
Roosevelt ဖြစ်သည်။

၁၂ နှစ် အရွယ်ကမေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ
ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင်ရှင်သန်စေပါတယ်။
No comments:
Post a Comment